Friday 21 September 2012

(ဘ၀ကိုဓမ္မဖြင့်တည်ဆောက်စေချင်)



သတ္တဝါမှန်သမျှ မိမိတို့၏ ဘဝကို လှပလိုကြ၏။ လှပသည့် ဘဝကိုတည်ဆောက်လိုကြ၏။ သာယာသည့်ဘဝ၊ အေးချမ်းသည့်ဘဝ၊ ဘေးမသန်းသည့်ဘဝကို လိုလားကြ၏။ ထို့ကြောင့်လည်း ထိုထိုဘဝ လှပစေရန် နည်းအမျိုးမျိုးဖြင့် ပုံဖော်ကြ၊ တည်ဆောက်ကြ၊ ဖန်တီးကြခြင်း ဖြစ်၏။ အချို့က ဘဝကို ကာယဖြင့် တည်ဆောက်ကြ၏။ အချို့က ဓနဖြင့် တည်ဆောက်ကြ၏။ အချို့က ဉာာဏဖြင့် တည်ဆောက်ကြ၏။ အချို့က အရှိန်အဝါဖြင့် တည်ဆောက်ကြ၏။ အချို့က ဂုဏ်ပကာသနဖြင့် တည်ဆောက်ကြ၏။ မည်သည့်နည်းဖြင့် မည်သို့ပင် တည်ဆောက်ထားသော်လည်း ထိုတည်ဆောက်မှုများတွင် ဓမ္မမပါလျှင်ကား အခိုက်အတန့်မျှသာ တည်ဆောက်နိုင်၏။ ဓမ္မ“အား”ဖြင့် ပံ့ပိုးမထား၊ ထိန်းချုပ်မထားလျှင် ထိုထိုနည်းဖြင့် တည်ဆောက်ထားသည့် ဘဝအမျိုးမျိုးသည် ရေရှည်တည်တံ့ရန် မလွယ်ကူလှပေ။ ပစ္စုပ္ပန် သံသရာ လှပစေရန် တည်ဆောက်ထားမှု မဖြစ်နိုင်လှပေ။ ဓမ္မပါမှ ဘဝသာယာပြီး အလှဖြာနိုင်မည် ဖြစ်၏။ ထို့ကြောင့် ယခုမျက်မှောက်ဘဝမှသည် နောင်သံသရာ၊ ထိုမှနိဗ္ဗာန်တိုင်အောင် သာယာလှပသည့် ဘဝကို တည်ဆောက်လိုသူများသည် ဓမ္မဖြင့် ဘဝကို တည်ဆောက်သင့်ကြောင်း ဆိုခြင်း ဖြစ်၏။
လူအတော်များများက ဓမ္မဟုဆိုလာလျှင် အသက်ကြီးသူများ၊ သေခါနီးသူများ၊ ဘဝကူးကောင်းလိုသူများ စသူတို့ အတွက်သာ လိုအပ်သည်ဟု ထင်မှတ်တတ်၏။ အထူးသဖြင့် ပညာရှာနေကြသည့် ပထမအရွယ် လူငယ်များ၊ ဥစ္စာရှာနေကြသည့် ဒုတိယအရွယ် လူရွယ်များက မိမိတို့၏ အရွယ်များသည် ဓမ္မရှာရမည့်အရွယ် မဟုတ်၊ ဓမ္မရှာရမည့် အရွယ်သည် အိုမင်းမစွမ်းဖြစ်လာသည့် တတိယအရွယ်သာ ဖြစ်သည်ဟု ခံယူထားတတ်ကြ၏။ ထို့ကြောင့်လည်း ပညာရှာနေသည့်အချိန်၊ ဥစ္စာရှာနေသည့် အချိန်များတွင် ဓမ္မဖြင့် ဝေးနေကြပြီး ဓမ္မအားမပါဘဲ မိမိတို့၏ အရွယ်များကို တည်ဆောက်နေကြခြင်း ဖြစ်၏။ ပြဿနာမှာ ဓမ္မမပါဘဲ တည်ဆောက်ထားသဖြင့် ပထမအရွယ်တွင်လည်း ဘဝကို ကောင်းစွာတည်ဆောက်နိုင်ခြင်း မရှိသကဲ့သို့ ဒုတိယအရွယ်တွင်လည်း ဘဝမှာ ဖရိုဖရဲ ပြန့်ကြဲနေမြဲသာ ဖြစ်နေသည့် အချက်ပင်ဖြစ်၏။ တတိယအရွယ်ရောက်လာမှ ဘဝကို ဓမ္မဖြင့် တည်ဆောက်ကြစို့ဟု ဆိုပြန်သော်လည်း အိုမင်းမစွမ်း ဖြစ်လာမှုက “အိုရင်မင်း မစွမ်းတော့ဘူး”ဟု ဆိုသကဲ့ဖြစ်ကာ အနှစ်ရှာမရဘဲ ဖြစ်နေတတ်ကြပေ၏။
စင်စစ်ဓမ္မသည် ဘဝသာဖြစ်၏။ ဓမ္မပါမှ ဘဝသာယာမည်ဖြစ်ပြီး အလှဖြာနိုင်မည် ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ဓမ္မကို အခြေပြုမှ ဘဝလူနေမှုတွင်လည်း အစစအရာရာ အဆင်ပြေမှုများ ဖြစ်စေနိုင်ပေ၏။ ဘဝထဲတွင် ဓမ္မတွဲနေမှ ဘဝလည်း မလွဲမသွေ တည့်မတ်နေမည် ဖြစ်၏။ ဤ၌ဆိုလိုသည့် ဓမ္မဟူသည် အကျင့်သိက္ခာ၊ တည်ကြည်မှုနှင့် ပညာဉာဏ်ရှိမှုများကို ဆိုလိုခြင်း ဖြစ်၏။ စာစကားဖြင့် ပြောလျှင် သီလ၊ သမာဓိ၊ ပညာ ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ် တရားများပင်ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ကိုယ်ကျင့်တရားသည် အလွန်အရေးကြီးလှ၏။ ထိုအတူ စိတ်ကိုတည်တည်ငြိမ်ငြိမ် ဖြစ်စေမည့် တည်ကြည်မှု သမာဓိတရားနှင့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို နှိုင်းချိန်နိုင်သည့် ပညာဉာဏ်သည်လည်း အထူးလိုအပ်လှ၏။ ထိုသို့သော အကျင့်တရား၊ တည်ကြည်မှုအားနှင့် ဆင်ခြင်မှုအားကို အခြေခံကာ ဘဝကို တည်ဆောက်ထားသင့်၏။ ထိုတရားများကို လက်ကိုင်ထားပြီး တည်ဆောက်ထားသည့် ဘဝသည် မည်သည့်အချိန်တွင် မည်သို့ပင် ပြောင်းလဲဖောက်ပြန်သော်လည်း တုန်လှုပ်မှုမရှိ၊ ကြောက်ရွံ့မှုမရှိဘဲ အရာအားလုံးကို ကျော်လွှားကာ အကောင်းဆုံး အနေအထားတွင် ရှိနေတတ်ပေ၏။ ဓမ္မကို အခြေခံကာ တည်ဆောက်ထားသည့် ဘဝသည် အတက်အကျ အနိမ့်အမြင့်ဟူသည့် လောကဓံဒီလှိုင်း၏ ရိုက်ပုတ်မှုဒဏ်ကို ကြံ့ကြံ့ခံကာ လိုရာပန်းတိုင် အရောက်လှမ်းနိုင်၏။ လောကဓံနှင့် ကြုံလာလျှင် တုန်လှုပ်မှုမရှိသည့် ဘဝသည် ကြံ့ခိုင်သည့်ဘဝ၊ အားရှိသည့်ဘဝ၊ တည်ငြိမ်သည့် ဘဝသာ ဖြစ်သဖြင့် ထိုကဲ့သို့သော ဘဝမျိုးကို တည်ဆောက်နိုင်ရန် ဓမ္မကိုသာ အခြေခံကြရမည် ဖြစ်ပါ၏။
သို့သော် ခက်သည်မှာ လူအတော်များများက လက်တွေ့တွင် ဘဝကို ဓမ္မမပါဘဲ တည်ဆောက်နေကြခြင်းပင်ဖြစ်၏။ ဓမ္မကို လစ်လျူရှုကာ မမြဲသည့် ရုပ်ပိုင်းဆိုင်ရာများဖြင့် ဖန်တီးတတ်ကြခြင်းပင်ဖြစ်၏။ စည်းစိမ်ဥစ္စာဖြင့် ဘဝကို တည်ဆောက်သူများ၊ ရာထူးဂုဏ်ဖြင့် ဘဝကို တည်ဆောက်သူများ၊ လောကီပညာရပ်များဖြင့် ဘဝကို တည်ဆောက်သူများအဖြစ် တဒင်္ဂဘဝကို တည်ဆောက်ကာ ဓမ္မကို ဘေးဖယ်ထားတတ်ကြခြင်းပင်ဖြစ်၏။ အချို့မှာ ဓမ္မမပါဘဲ ခဏတာဖြစ်သည့် စည်းစိမ်ဥစ္စာများဖြင့် ဘဝကို တည်ဆောက်နေကြသဖြင့် စည်းစိမ်ဥစ္စာကို အမှီပြု၍ မာန်မာနတက်တတ်ကြသကဲ့သို့ ထိုစည်းစိမ်ဥစ္စာများ ပျက်သွားသည့် အခါတွင်လည်း အလွန်သောက ဖြစ်တတ်ကြပြန်၏။ အချို့လည်း ဘဝကို ဓမ္မမပါဘဲ ရာထူးပါဝါများ၊ လောကီအတတ်ပညာများဖြင့် တည်ဆောက်နေကြသဖြင့် ထိုဂုဏ်များကို အမှီပြု၍ ဂုဏ်မောက်ကာ အမှန်ပျောက်နေ တတ်ကြသကဲ့သို့ ထိုဂုဏ်များပျောက်သည့် အခါတွင်လည်း ဓမ္မမရှိသဖြင့် ဖြေဆည်ရာလည်း မရှိဘဲ ဖြစ်တတ်ကြပြန်၏။
အမှန်အားဖြင့် ဘဝတွင် စည်းစိမ်ဥစ္စာများ၊ အတတ်ပညာများ၊ ရာထူးဂုဏ်သိန်များ မည်မျှပင် မြင့်မားများပြား နေသော်လည်း သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်တရား ရှားပါးလျှင်ကား ထိုမြင့်မားသည့် အရာများဟု ထင်နေတတ်သည့် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာစသည်များဖြင့် တည်ဆောက်ထားသည့် ဘဝသည် အချည်းနှီးသာ ဖြစ်နေပေ၏။ သိက္ခာသုံးပါးဖြင့် အားဖြည့်ထားမှု မရှိသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ ဖြစ်တတ်သကဲ့သို့ ဖရိုဖရဲလည်းဖြစ်တတ်ကာ အမှားအမှန်လည်း မခွဲခြားတတ်ဘဲ ဖြစ်နေတတ်ပေ၏။ မှန်၏။ ဘဝတစ်ခုကို တည်ဆောက်ရာတွင် စည်းမဲ့ကမ်းမဲ့ မဖြစ်ရေးအတွက် သီလသိက္ခာသည် အထူးလိုအပ်လှ၏။ သီလဟုဆိုလျှင် အတော်များများက ငါးပါးရှစ်ပါး ကိုးပါးဆယ်ပါးစသည့် သိက္ခာပုဒ်များကိုသာ ပြေးမြင်တတ်၏။ စင်စစ် မိမိတို့ ကျင်လည်နေကြရသည့် နေ့စဉ်ဘဝများတွင် ကိုယ်အမူအရာများဖြင့် မိမိသူတပါး မထိခိုက်အောင်၊ နှုတ်စကားဖြင့် မိမိသူတပါး မထိပါးအောင် ထိန်းသိမ်းနေထိုင်ခြင်း၊ သူ့ကျောင်းနေ သူ့စာအံ ဆိုသကဲ့သို့ နေရာဌာနအသီးသီးတွင် ချမှတ်ထားသည့် စည်းကမ်းများကို စောင့်စည်းနေထိုင်ခြင်း စသည်များသည်လည်း သီလတရားများပင် ဖြစ်ပါ၏။ ထိုသို့ ကိုယ်နှုတ်အမူအရာများနှင့် မိမိသူတပါး မထိခိုက်အောင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းနေထိုင်ခြင်းသည် ဓမ္မကို အခြေခံထားသည့် ဘဝတည်ဆောက်မှုပင် ဖြစ်ပေ၏။
ထို့အတူ ဘဝကိုတည်ဆောက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ခိုင်မာမှု ရှိစေရန် သမာဓိသိက္ခာကို အားပြုပေးရန် လိုအပ်လှ၏။ သမာဓိ၏ သဘောသည် တည်ကြည်ခြင်း ဖြစ်သဖြင့် သမာဓိကို အခြေခံထားသည့် ဘဝတည်ဆောက်မှုသည် ဟိုလိုလိုဒီလိုလို ဟိုမရောက်ဒီမရောက် ဖြစ်တတ်သည့် စိတ်အစဉ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်စေရန် ထောက်ပံ့ပေးနိုင်မည် ဖြစ်၏။ ခိုင်မာသည့် စိတ်ဖြင့် မယိမ်းမယိုင်သည့် ဘဝတည်ဆောက်မှု ဖြစ်ရန် သမာဓိက အထောက်အကူ ပေးနိုင်မည်ဖြစ်၏။ ဘဝတည်ဆောက်ရာတွင် အာရုံအမျိုးမျိုးဖြစ်နေသည့် စိတ်အစဉ်ကို အာရုံတစ်ခုတည်းတွင် စူးစိုက်မှုပေးနိုင်ရန် သမာဓိဖြင့် အားပြုပေးရမည် ဖြစ်၏။ ထိုသို့ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရှိရှိ တည်ဆောက်ထားသည့် ဘဝသည် ဓမ္မကို အခြေပြုကာ တည်ဆောက်ထားခြင်း ဖြစ်သဖြင့် ဓမ္မကို လက်တွေ့ဘဝတွင် အသုံးချလိုက်ခြင်းမျိုးလည်းဖြစ်ကာ ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းမျိုးလည်း ဖြစ်နေပေ၏။
ထို့အပြင် ဓမ္မဖြင့် ဘဝကို တည်ဆောက်ရာတွင် စည်းကမ်းတကျ၊ တည်တည်ငြိမ်ငြိမ် ရှိရုံဖြင့် မလုံလောက်သေးဘဲ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်လည်း လိုအပ်လှ၏။ ထိုသို့ မှန်ကန်သည့် ရွေးချယ်မှုဖြင့် ဘဝကို တည်ဆောက်နိုင်စေရန် ပညာသိက္ခာကို အားပြုပေးရမည် ဖြစ်၏။ ပညာသည် လောကီပညာ၊ လောကုတ္တရာ ပညာဟု နှစ်မျိုးရှိရာတွင် ဉာဏ်နှင့်ယှဉ်သည့် ပညာသည် အကောင်းအဆိုး၊ အကြောင်းအကျိုးနှင့် အမှားအမှန်ကို ခွဲခြားစိစစ်ပေးနိုင်သဖြင့် မှန်ကန်သည့် ဘဝတစ်ခု တည်ဆောက်နိုင်ရေးအတွက် ပညာတရားသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပေ၏။ ထို့ထက် တစ်ဆင့်တက်၍ တရားဘာဝနာ အားထုတ်သဖြင့် ရရှိလာသည့် အသိဉာဏ်ပညာ ဆိုလျှင်ကား ဘဝတွင်အကောင်းဆုံး အထောက်အပံ့ကို ပေးနိုင်မည်ဖြစ်ပြီး မည်သို့သော အခြေအနေမျိုး ဖြစ်ပါစေ အလွယ်တကူ ကျော်လွှားကာ မိမိစိတ်ကို မိမိအနိုင်ယူနိုင်သည်အထိ ပံ့ပိုးပေးနိုင်မည် ဖြစ်၏။
မှန်၏။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားခြင်း၊ တရားအလုပ်ကို အားထုတ်ထားခြင်းဖြင့် ဘဝကို တည်ဆောက် ထားသူများသည် ဘဝတွင် တွေ့ကြုံရတတ်သည့် အတက်အကျ၊ အနိမ့်အမြင့်၊ အကောင်းအဆိုး၊ ချီးမွန်းကဲ့ရဲ့၊ ရှိခြင်းမရှိခြင်း စသည့် လောကဓံများကို ဓမ္မအားဖြင့် တုန်လှုပ်ခြင်းမရှိ အလွယ်တကူ ကျော်လွှားနိုင်၊ ဘဝ၏ အခက်အခဲများကို ကြံကြံခံနိုင်ကြပြီး အရာရာသည် အမြဲမရှိခြင်းဟူသော သဘောအမှန်ကို သိရှိထားသဖြင့်လည်း မိမိတို့၏ စိတ်များကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ကြ၏။ အကယ်၍ ဘဝကို ဓမ္မဖြင့် တည်ဆောက်ထားခြင်း မရှိပါက လောကဓံတရားများကြောင့် အမှားများရောက်ကာ ဘဝဟာလည်း အစစအရာရာ အဆင်မပြေဘဲ ဖြစ်နေတတ်၏။ မည်သို့ပင်ဆိုစေ အကောင်းဆုံးကား ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။
ဆိုလိုသည်မှာ နည်းအမျိုးမျိုးဖြင့် ဘဝအမျိုးမျိုးကို တည်ဆောက်ကြရာတွင် မှန်ကန်သည့် ဘဝတည်ဆောက်မှု ဖြစ်စေရန် ဘဝတွင် ဓမ္မဖြင့် အလှဆင်ကာ ဓမ္မဖြင့်အားပြုပြီး ဓမ္မကို အခြေခံထားရမှာ ဖြစ်ကြောင်း၊ ဓမ္မမပါသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ဖြစ်ကာ ဖရိုဖရဲနိုင်လှပြီး အမှားအမှန်ကို ခွဲခြားနိုင်ခြင်း မရှိသဖြင့် ထိုသို့သော ဘဝမျိုးမဖြစ်ရအောင် သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်တရားများ လက်ကိုင်ထားကာ လက်တွေ့ဘဝထဲမှာ ဓမ္မကိုတွဲ၍ တည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ ဘဝကို တည်ဆောက်ကြရာတွင် အကျင့်သီလပိုင်း၊ စိတ်တည်ကြည်မှုအပိုင်း၊ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားဝေဘန်နိုင်မှု အပိုင်းများမှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍများဖြစ်ပြီး ထိုကဏ္ဍများသည် ဓမ္မကတွဲပေးနိုင်သည့် အပိုင်းများဖြစ်သဖြင့် ဓမ္မကို အခြေခံကာ ဘဝကို တည်ဆောက်ရမှာဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။
ထို့ကြောင့် သာယာသည့်ဘဝ၊ ငြိမ်းချမ်းသည့်ဘဝ၊ အပြစ်ကင်းသည့်ဘဝ စသည်ဖြင့် ဘဝအမျိုးမျိုးကို နည်းအမျိုးမျိုးဖြင့် တည်ဆောက်ကြသူများသည် မိမိတို့၏ ဘဝတွင် အမှန်ပင် ငြိမ်းချမ်းသည့် ဘဝတစ်ခု၊ သာယာသည့် ဘဝတစ်ခု၊ အပြစ်ကင်းသည့် ဘဝတစ်ခုကို တည်ဆောက်နိုင်ရန် ကာယအား၊ ဓနအား၊ ဂုဏ်ပကာသန အားများထက် ဓမ္မအားကို အသုံးပြုကာ ဓမ္မအားဖြင့် အားပြုပြီး ဓမ္မကို အခြေခံသည့် ဘဝအဖြစ် တည်ဆောက်ကြရမည် ဖြစ်သဖြင့် ဘဝကို ဓမ္မဖြင့် တည်ဆောက်နိုင်အောင်သာ ကြိုးစားသင့်ပါကြောင်း အသိပေး တိုက်တွန်းရင်း လက်တွေ့ဘဝကို ဓမ္မဖြင့်တွဲကာ ဖန်တီးတည်ဆောက်နိုင်ကြစေရန်လည်း ဆန္ဒပြုလိုက်ရပါသည်။
ဓမ္မရံသီစာစောင်မှမှိငြမ်းရေးသားဖေါ်ပြပါသည်။
>>>Read more>>> >>

Sunday 29 April 2012

“အသင်္ချေ ရေတွက်ပုံ”


လောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင်“ဗုဒ္ဓမြတ်စွာဘုရားရှင်”သည်“ဘုရား”ဖြစ်ရန်
“ပါရမီ”များဖြည့်ကျင့်ရပါသည်။“ပါရမီ”ဟူသည့် “ပါဠိ”ဝေါဟာရသည်“မြန်မာ”လိုအနက်ပြန်
လျှင်“မြင့်မြတ်သူတို့လုပ်ငန်း”ဟူ၍ဖြစ်သည်။“မြင့်မြတ်သူ”ဆိုသည်မှာ ကိုယ်ကျိုးကိုပဓာန
မထားဘဲ သူတစ်ပါးကောင်းကျိုးကိုလည်းကောင်း၊သံသရာမှလွတ်မြောက်ဖို့ကိုလည်း
ကောင်းရည်မှန်း၍ ပြုတတ်သူများပင်ဖြစ်၏။
ထိုသူများသည် စည်းစိမ်ဥစ္စာအတွက်ဖြစ်စေ၊ရာထူးဂုဏ်သိန်အတွက်ဖြစ်စေ၊ထင်
ပေါ်ကျော်စောမှုအတွက်ဖြစ်စေ၊အများအထင်ကြီးခံရမှုအတွက်ဖြစ်စေ၊လောက ကို မိမိဘဝ
အတွက်အသုံးမချဘဲ မိမိဘ၀ကိုသာလောကအတွက် အသုံးချခဲ့သူများဖြစ်၏။မိမိဘ၀ကို
လောကအတွက် “စတေး”သူများဖြစ်၏။
မမြင့်မြတ်သူတို့သည် သူတစ်ပါးက မိမိထက်သာသွားမှာကိုစိုးရိမ်၏။ပူပန်၏။မနာလို
ဖြစ်၏။ဝန်တို၏။
မြင့်မြတ်သူတို့မှာကား သူတစ်ပါးရှိရင်းစွဲအခြေအနေမှရွေ့လျောနိမ့်ကျသွားမှာကိုစိုး
ရိမ်၏။ပူပန်၏။မိမိထက်သာသွားသည်ကိုကြည်နူး၏။ဝမ်းမြောက်၏။ချီးကျူး၏။အားတက်၏။
ထိုသူများတွင် ဂေါတမဘုရားအလောင်းတော်“သိဒ္ဓတ္ထ”မင်းသားသည် စံပြ ဖြစ်၏။
ထို့ကြောင့် ထိုမြင့်မြတ်သူတို့၏လုပ်ငန်းများကို“ပါရမီ”ဟုခေါ်ဆိုရခြင်းဖြစ်ပါသည်။
မြင့်မြတ်သူတို့၏လုပ်ငန်းများသည် သဘာဝအားဖြင့် မူ(၁၀)မျိုးသာရှိ၏။ယင်း(၁၀)မျိုး
တို့ကို ဤသို့ ခွဲခြားနိုင်၏။

ပါရမီ(၁၀)ပါး
(၁) စွန့်လွှတ်ခြင်း (ဒါန)
(၂) ကိုယ်ကျင့်ကောင်းခြင်း (သီလ)
(၃) တပ်မက်မှုကင်းခြင်း (နေက္ခမ္မ)
(၄) အမှန်အတိုင်းသိခြင်း (ပညာ)
(၅) ဇွဲလုံလရှိခြင်း (၀ီရိယ)
(၆) သည်းခံခြင်း (ခန္တီ)
(၇) မှန်ကန်ခြင်း (သစ္စာ)
(၈) ခိုင်မာသောဆုံးဖြတ်ချက်ရှိခြင်း (အဓိဋ္ဌာန်)
(၉) မေတ္တာထားခြင်း (မေတ္တာ)
(၁၀) လျစ်လျူရှုခြင်း (ဥပေက္ခာ)

အထက်ပါ “ပါရမီ”(၁၀)ပါး ၊ထို့ထက် မြင့်သော“ဒသ”“ဥပ”“ပရမတ္ထ”စသဖြင့်
ပါရမီအပြားး(၃၀)ကိုဘ၀အအဆက်ဆက်၊ကမ္ဘာအရေအတွက်ပေါင်း “၄-အသင်္ချေ နှင့် ကမ္ဘာ-၁ သိန်း” တိုင်အောင်ဖြည့်ကျင့်ခဲ့ရပါသည်။
“တစ်သင်္ချေ”ဆိုသည်မှာ (တစ်)နောက် (သုည)အလုံးပေါင်း(၁၄၀)ရှိပါသည်။
“ခု၊ဆယ်” မှ စ၍ “အသင်္ချေ ” ထိ အောင်ရေတွက် ပုံ မှာအောက်ပါအတိုင်းဖြစ်ပါသည်။

“ ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ၊
ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊
ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကန္ဓိက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊
ပု႑ရိက ၊ ကထာန ၊ မဟာကထာန ၊ အသေခ်ၤယ် ”

ဟူ၍ အစဉ်အတိုင်း ဖြစ်ပါသည်။အစဉ်အတိုင်းရေတွက်ပုံမှာ
“ဆယ်” မှ “ကုဋေ” အထိ….သုည (၁) လုံးစီတိုးရပြီး
“ကောဋိ” မှ အသင်္ချေ”ထိ မှာ ……သုည (၇) လုံးစီ တိုးရပါသည်။
ထို့ကြောင့် “တစ်သင်္ချေ ”၏ အရေအတွက်သည် တစ် နောက် သုည (၁၄၀)ဖြစ်ပါသည်။
ဤ ကဲ့သို့ ရေတွက်ရာတွင်လည်း….
“ ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ” ဟူ၍ “ခု ” မှ “အက္ခေဘိဏီ” ထိ
ရေတွက်ပုံ ပမာဏ ကို ဤ ကဲ့သို့ နမူနာပြ ဆိုပါသည်။

“ ဦးစွာ ၀ါး အလုံး (၆၀) ကို တစ်လုံးတစ်စည်း ဖြတ်တောက်ပြီး အစည်း(၆၀)
ဖြစ်အောင် စည်းလိုက်ရပါမည်။ ပြီးလျှင် ထို အစည်း(၆၀) ကို ခရီးလမ်းဆုံ၊ခရီးလမ်း
မ အလယ်မှာ ထားခြင်းကြောင့် ဆင် ၊မြင်း ၊ရထား ၊ စစ်သည် ဗိုလ်ပါ ဟူသော
ရဲမက်အပေါင်းများက “ထောင်းထောင်းကြေအောင်” နင်းချေဖန်များလှတဲ့အတွက်
“မြူ”ဖြစ်ကုန်ကြရတဲ့ အရေအတွက် ပမာဏမျှ ကို “အက္ခေဘိဏီ”ဟုခေါ်ပါသည်”

ရှေးခေတ် ဇာတ်တော်ကြီးများတွင် “ရှစ်အက္ခောဘိဏီ”ရှိတဲ့ စစ်တပ်ကြီးချီလာသည်၊
“တစ်ဆယ့်ခြောက်အက္ခောဘိဏီ”ရှိတဲ့ စစ်တပ်ကြီးချီလာသည်၊စသည်ဖြင့် သုံးနှုန်းကြသည်မှာ
ဤ “အက္ခောဘိဏီ” ကိုသုံးစွဲခြင်းဖြစ်ပါသည်။

ဆက်လက်၍ “အက္ခောဘိဏီ”မှ “အသင်္ချေယျ” ထိ အရေအတွက်၏ပမာဏကို ကျမ်း
ဂန်တွင်လာသည့်အတိုင်းတင်ပြပါမည်။ ပမာဏ…မှာ
“အလျားအားဖြင့် ယူဇနာ( တစ်သန်း နှစ်သိန်း သုံထောင့်လေးရာငါးဆယ်)
အ၀န်းအားဖြင့် ယူဇနာ ( သုံးသန်း ခြောက်သိန်း တစ်သောင်းသုံးရာငါးဆယ်)ရှိသည့်
စကြ၀ဠာ တိုက် အပြည့်မျှ (သုံးနှစ်) နေ့ည မပြတ်ရွာသွန်းသော မိုးစက်မိုးပေါက်များ၏
ပမာဏ သည် “အသင်္ချေယျ”၏ အရေအတွက် ဖြစ်ပါသည်”
ကပ်ကမ္ဘာတစ်ခုတွင် “အသင်္ချေယျ ကပ်”(၄)ကပ် ရှိပါသည်။ “အသင်္ချေယျကပ်”
(၁)ကပ် သည် “အန္တရကပ်(၆၄)ကပ် ဖြင့် ဖွဲ့စည်းထားသည်။
အန္တရကပ် (၁) ကပ် ဆိုသည်မှာ ….
လူတို့၏သက်တမ်း “အသင်္ချေယျ”တန်း မှနေ၍ နှစ်(၁၀၀)ကြာ (၁)နှစ်ယုတ်နှုန်းဖြင့်၊
(၁၀)နှစ်တမ်း။ထို(၁၀)နှစ်တမ်းမှတစ်ဖန် (၂၀)နှစ်တမ်း၊(၄၀)နှစ်တမ်း စသည်ဖြင့် တစ်ပြန်တစ်
ဆစီတိုးသည့် နှုန်းဖြင့် “အသင်္ချေယျ”တန်းတိုင်အောင်ကြာညောင်းတဲ့ကာလ ကို ခေါ်ဆိုပါ
သည်။

ကျမ်းကိုး-“ဗုဒ္ဓ-လောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင်”(ဦးရွှေအောင်)
-“အသင်္ချေ ၏ အရေအတွက်” (လှသန့် (ပြည်) )

>>>Read more>>> >>

တောင်ပုလုဆရာတော်ကြီး၏ အလွယ်ကူဆုံး မေတ္တာပွားနည်း


လောကတွင် မေတ္တာခြုံမှလုံသည်ဟူသောဆိုရိုးစကားရှိပါသည်၊ မေတ္တာတရား၏အရေးပါးမှုကို
 ဖော်ညွှန်းခြင်း ဖြစ်ပေသည်၊ သုံးလူ့ထိပ်ထား ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း လူ နတ်
 ဗြဟ္မာသတ္တ၀ါအပေါင်းတို့အား မေတ္တာတရားပွားများကြရန်အထူးဟောကြားတော်မူခဲ့ပါသည်၊
 မေတ္တာတရား ပွားများခြင်းကြောင့် လူနတ်တို့ ချမ်းသာခဲ့ကြပုံ အထောက်အထားများ များစွာ
ရှိခဲ့ပါသည်။
တနေ့လျှင် သုံးကြိမ် ထမင်းအိုးကြီး အလုံးတရာ လှူသူ၏ ဒါနအကျိုးထက်တနေ့လျှင် သုံးကြိမ်
 နွားနို့တကြိမ်ညှစ်စာမျှ မေတ္တာပွားများသူ၏ကုသိုလ်အကျိုးကသာလွန်ကြီးမြတ်ကြောင်းဘုရားရှင်
 ဟောကြားတော်မူခဲ့ပါသည်။မေတ္တာပွားများ အားထုတ်သူတို့ ရရှိနိုင်သော အကျိုး ( ၁၁ ) ပါးမှာ-
၁။ ချမ်းသာစွာ အိပ်ရခြင်း
၂။ ချမ်းသာစွာ နိုင်းရခြင်း
၃။ ကောင်းသောအိပ်မက် မြင်မက်ခြင်း
၎။ လူတို့ ချစ်မြတ်နိုးခြင်း
၅။ နတ်တို့ ချစ်မြတ်နိုးခြင်း
၆။ နတ်တို့ စောင့်ရှောက်ခြင်း
၇။ မီးမလောင်၊ အဆိပ်မသင့်၊ လက်နက်မထိခြင်း
၈။ လျင်မြန်စွာ စိတ်တည်ကြည်စေခြင်း
၉။ မျက်နှာကြည်သာရွှင်ပြခြင်း
၁၀။ မတွေမဝေ သေရခြင်း
၁၁။ မဂ်ဖိုလ် မရနိုင်သေးလျှင် ဗြဟ္မာ့ဘုံသို့ လားရခြင်းတို့ ဖြစ်ပေသည်။
( လင်္ကာ )
အိပ်-နိုး ချမ်းသာ၊
ကောင်းစွာ အိပ်မက်၊
ချစ်လျက် လူ-နတ်၊
စောင့်လတ် နတ်များ၊
မီးဆိပ်ဓားတို့၊ ရှောင်ရှား ကိုယ်မှာ၊
လျင်စွာစိတ်တည်၊
ရွှင်ကြည်မျက်နှာ၊
သေကာမတွေ၊
လားလေဗြဟ္မာ၊ ဆယ့်တဖြာသည်၊
မေတ္တာပွားမှု အကျိုးတည်း။
ယနေ့ခေတ် ပရိယတ် ပဋိပတ် အားထုတ်လျက်ရှိသော ဆရာတော်ကြီးများကလည်း မေတ္တာတရား ပွားများကြရန်အထူးဟောကြားတော်မူကြပါသည်။အလွယ်ကူဆုံးမေတ္တာပွားနည်းမှာမိမိထွေးပစ်
လိုက်သော တံတွေးပင်ဖြစ်လင့်ကစား ၄င်းတံတွေးကို သောက်သုံးသည့် သတ္တ၀ါများရှိကြောင်း
ထမင်းစားပြီး ပန်းကန်ဆေးရေ၊ လက်ဆေးရေများလည်း သောက်သုံးသည့် သတ္တ၀ါများရှိကြောင်း
၎င်းရေများကို အလဟဿသွန်မပစ်ပဲ( ဤရေတို့ကို သောက်သုံးကြသော သတ္တ၀ါများ ၀၀လင်လင် ရှိကြပါစေ၊ မျှတကြပါစေ ) ဟုမေတ္တာပွားများရုံမျှပင်လျှင် ကြီးမားသောအကျိုးကို ရရှိနိုင်ပါသည်
>>>Read more>>> >>

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး.....


  ၁။ ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရမှု၊ ဟောင်းနွမ်းသွားမှု မရှိခြင်း။

  ၂။ ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူရာတွင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

  ၃။ တောထွက်တော်မူစဉ်က ပယ်ဖြတ်ခဲ့သောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

  ၄။ ဆွမ်းစားပြီး၍ သပိတ်တော်ဆေးလျှင် လက်တော်ပါ စင်၏။ လက်တော်ဆေးလျှင် သပိတ်တော်ပါ စင်၏။

  ၅။ မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ပင် ၀င်နိုင်ခြင်း။

  ၆။ ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသည်ရှိသော် အရပ်(၁၀)မျက်နှာလုံးကို ဖောက်ထွင်းခြင်း။

  ၇။ ကိုယ်တော်မှ နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

  ၈။ ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

  ၉။ အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

၁၀။ လူနတ်တို့၏စိတ်ကို အာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

၁၁။ တရားဟောတော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ ဟောသကဲ့သို့ကြားရခြင်း။

၁၂။ ကျွတ်ထိုက်သော သတ္တ၀ါတို့ကို မဟာဂရုဏာသမာပတ္တိဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

၁၃။ လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော ဣနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

၁၄။ အထက်ပါ ၁၃-ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။

၁၅။ အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

၁၆။ ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးပြာဋိဟာ ပြနိုင်ခြင်း။

၁၇။ တာဝတိံသာသို့ အဘိဓမ္မာတရားဟောတော်မူရန် ကြွသည့်အခါ နှစ်လှမ်း သုံးဖ၀ါးတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

၁၈။ ဒေသစာရီကြွချီတော်မူလျှင် ခြေတော်ရာမတင်သည့်အပြင် မြေပြင်မှာလည်း အညီအညွတ်ဖြစ်ရခြင်း
.

(သမန္တစက္ခုဒီပနီ တတိယတွဲ) ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ ။
>>>Read more>>> >>

Friday 20 April 2012

သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာ

 “သြကာသ” ဟူသည်မှာ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ” ဟုဆိုသောစကား။ ပိုမိုလေးနက်စေရန် သုံးကြိမ်ရွတ်ဆိုသည်။
ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု “ကာယကံ”၊ နှုတ်ဖြင့် ပြုအပ်သော အမှု “မနောကံ” နှင့် စိတ်ဖြင့်ပြုအပ်သော အမှု “၀စီကံ” ဟူသတည်း။
အပါယ်ဟူသည်မှာ “အပါယ” ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။
ကပ်သုံးပါးဆိုသည်မှာ
(၁) သတ္တန္တရကပ် - တုတ်၊ ဓား၊ သေနတ်စသော လက်နက်အားဖြင့် ပျက်စီးရသော ခောတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခောတ်။
(၃) ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခောတ်။
ရပ်ပြစ်ရှစ်ပါးဟူသည်ကား
၁-၂-၃။ ဘုရားပွင့်တော်မူနေစဉ် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၎။ ဘုရားရှင်ပွင့်တော်မူစဉ် အသက်ရှည်သော အသညသတ်ဘုံနှင့် အရူပဘုံ၌ ဖြစ်နေရခြင်း (အသညသတ်ဗြဟ္မာများသည် ရုပ်ခန္ဓာသာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများသည် စိတ်ဝိညာဉ်သာရှိ၍ ရုပ်မရှိ၊ ထို့ကြောင့် သူတို့သည် ဘုရားကိုလည်း မဖူးနိုင် တရားကိုလည်း မနာနိုင်ကြပေ)
၅။ ပစ္စန္တရစ်ခေါ်သော ပြည်နယ်စွန်းများနှင့် လူရိုင်းများ၏ အရပ်ဒေသ၌ ဖြစ်နေရခြင်း။
၆။ ဘုရားရှင်ပွင့်တော်မူနေစဉ် မိစ္ဆာဒိဌိဖြစ်နေရခြင်း။
၇။ ဘုရားရှင်ပွင့်တော်မူနေစဉ် တရားကို သိနိုင်လောက်သည့် ဥာဏ်မရှိဘဲ ထူထူ အအ ဖြစ်နေရခြင်း။
၈။ မဇ္ဈိမဒေသ၀ယ် တတ်သိနားလည်သည့် ဥာဏ်ရှိသူဖြစ်သော်လည်း ဘုရားမပွင့်သောအခါ၌ လူဖြစ်ရခြင်း။
ရန်သူမျိုးငါးပါးဆိုသည်ကား ရေ၊ မီး၊ သူခိုး၊ အမွေခံသားးဆိုးသမီးဆိုးနှင့် မင်းဆိုးတို့တည်း။
ဝိပတ္တိတရားလေးပါးဆိုသည်ကား
(၁) ကာလ၀ိပတ္တိ - မင်းဆိုး မင်းယုတ် အုပ်ချုပ်သော ကာလ။
(၂) ဂတိဝိပတ္တိ - အပါယ်လေးပါး၌ လားရောက်ရခြင်း။
(၃) ဥပဓိဝိပတ္တိ - ရုပ်ဆင်းအင်္ဂါ ဟူသော ဥပဓိ ချို့တဲ့ခြင်း။
(၄) ပယောဂ၀ိပတ္တိ- (ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုကို ပယောဂ ဟုခေါ်သည်) ယင်းပယောဂ၏ ချို့တဲ့ခြင်း။
ဗျသနတရားငါးပါးဆိုသည်ကား
(၁) ဥာတိဗျသန - ဆွေစုမျိုးစု ပျက်စီးခြင်း။
(၂) ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
(၃) ရောဂဗျသန - အနာရောဂါဟူသော ပျက်စီးခြင်း။
(၄) သီလဗျသန - ကိုယ်ကျင့်သီလ ပျက်စီးခြင်း။
(၅) ဒိဌိဗျသန - အယူပျက်စီးခြင်း
မဂ်တရား
(၁) သောတာပတ္တိမဂ်
(၂) သကဒါဂါမိမဂ်
(၃) အနာဂါမိမဂ်
(၄) အရဟတ္တမဂ်
ဖိုလ်တရား
(၁) သောတာပတ္တိဖိုလ်
(၂) သကဒါဂါဖိုလ်
(၃) အနာဂါမိဖိုလ်
(၄) အရဟတ္တဖိုလ်
နိဗ္ဗာန်ဟူသည်မှာ ရုပ်၊ နာမ်တို့၏ ဖြစ်မှုပျက်မှုအားလုံး ချုပ်ပျက်ဆိတ်သုဉ်း ကင်းငြိမ်းခြင်း ပင်ဖြစ်သည်။
>>>Read more>>> >>